တန့်ယန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့သန့်ရှင်းသပ်ရပ်သာယာလှပစေရန်နှင့် ပြည်သူများ စိတ်အပန်းပြေစေနိုင်ရန် အတွက် ပန်းခြံများ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ရေးကွင်းများ၊ လမ်းဆုံများနှင့် လမ်းဘေးဝဲယာတို့တွင် အမြင်တင့်တယ်စေရန် အတွက် မြေယာရှုခင်းနှင့်ပန်းအလှစိုက်ခင်းများ၊ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်ကင်းသော ရေနှုတ်မြောင်းများဖြစ်စေရေး တို့ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဘဏ္ဍာနှစ်လိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်လျက် ဆောင်ရွက်ပေးနေလျက်ရှိရာ မြို့သန့်ရှင်း သပ်ရပ် သာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ မြို့သန့်ရှင်းသပ်ရပ် သာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များက ဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းက မြို့သန့်ရှင်း သာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြည်သူများ စိတ်အပန်းပြေစေရန်အတွက် ပန်းခြံများ၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ရေးကွင်းများ ဆောင်ရွက်သွားနိုင်မည့် အစီအမံများကို ချပြရှင်းလင်းရာ အခမ်းအနားသို့ တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး