ဆီဆိုင် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်နန်းမျိုး ဆောင်းကျော်က စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ တက်တိုး ရေးသားသော “ကျွန်တော့်အတွေးအခေါ်မှတ်စုများ” စာအုပ်ပါ အခန်းကဏ္ဍ အလိုက် မိမိကိုယ်ကို မိမိပြန်ကြည့်ခြင်း၊ ဘဝ၏သဘော၊ စိတ်နှင့်ရုပ်သဘော၊ အနှစ်နှင့် အကာသဘော၊ လူ့ကျင့်ဝတ်နှင့် ငါ့အမြင် စသည့်အကြောင်းအရာများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက ဦးဆောင်ဆွေးနွေးပြီး တက်ရောက် လာကြ သည့် (Book Club)အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ၊ စာပေဝါသနာရှင်များက သိရှိလိုသည်များ ကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)