ရပ်စောက် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများ၊ အလုပ်မအား၍ စာအုပ်များ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသည့် ဝန်ထမ်းများအတွက် စာအုပ်၊ စာစောင်များအလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် သုတ၊ ရသစာအုပ်များ နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေးသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများလေ့လာဖတ်ရှုခွင့်ရရှိကြပြီး ငှားရမ်း စာအုပ်များကို တစ်ပတ်ပြည့်ပါက စာအုပ်များ ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်များအသစ် ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး