ခေါဇာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ ကျင်းပ

ခေါဇာ  ဇန်နဝါရီ  ၂၂

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီခွဲ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက အ.ထ.က (ခေါဇာ)ကျောင်းမှ ကျောင်းသား ကျောင်းသူများအား မျိုးချစ်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက လွတ်လပ်ရေး ရယူရန် ကြိုးပမ်းခဲ့ကြပုံ လွတ်လပ်ရေးရယူရာတွင် တောင်တန်း/ပြည်မ မခွဲခြားဘဲ တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူရန်အတွက်  သက်သေ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသော ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ခဲ့ပုံ စသည့်သမိုင်းကြောင်းများကိုဟောပြောပေးသည်။

ထိုသို့ အသိပညာပေးဟောပြောပွဲကျင်းပရခြင်းသည် ကျောင်းသားကျောင်းသူများ မမေ့သင့်၊ မမေ့ထိုက်သော  နေ့ထူး၊ နေ့မြတ်များ သိရှိကြပြီးယနေ့ခေတ် လူငယ်၊ လူရွယ်များ စစ်မှန်သည့် မျိုးချစ်စိတ် ဓာတ် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ် တိုင်းပြည်အတွက် အားထားရသည့် လူတော်၊ လူကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ် ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။

ခေါဇာပြန်/ဆက်