လမ်းမတော် ဩဂုတ် ၂၆
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်သည် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် သင်တန်းများ ဖွင့်လှစ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့တွင် ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) မှ တာဝန်ရှိသူများနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ရမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာများ တိုးပွားလျက်ရှိပြီး ကိုဗစ်ရောဂါ ရင်ဆိုင်နေရ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သတိမူပြီး လက်ရှိသင်တန်းများ ရပ်နား ထားကြောင်း၊ ညွှန်ကြားချက်ရရှိမှသာ UTCC ၏ MBA program, BBA Program များကို အွန်လိုင်းမှ တစ်ဆင့် သင်ကြားခြင်းထက် လာရောက်ဖွင့်လှစ်သင်ကြားနိုင်ရေး၊ အနာဂတ်တွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်မှ သင်တန်းများ၏ လက်ရှိအခြေအနေ၊ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး များဖြစ်ကြသော ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာဝင်းစည်သူတို့မှ အသီးသီး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ UTCC ဥက္ကဋ္ဌဟောင်း Assoc. Prof. Dr. Sauwanee Thairungroj၊ UTCC International Affairs မှ ဒုတိယဥက္ကဌ - Dr. Jakarin Srimoon၊ , International School of Management မှ Dean - Asst. Prof. Dr. Nattapan Buavaraporn၊ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ ဖြစ်ကြသော ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာဝင်းစည်သူတို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အသင်းချုပ်သည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းခွင်မှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရန်၊ နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင် ရန် ရည်ရွယ်၍ စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း (Global MBA) ကို ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နှင့် ၂၀၁၂ ခုနှစ်မှစ၍ ပူးပေါင်း ဖွင့်လှစ်လျက်ရှိကြောင်းသတင်းရရှိသည်။
ကျော်ဆန်းမြင့်