ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဒဂုံအရှေ့  ဇန်နဝါရီ  ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၁၁၀)ဦး၊ ဒုတိယအကြိမ်(Sinovac) ကာကွယ်ဆေးထိုးနှံသူ(၂၁၀) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုရပ် နေရာဖြစ်သော ဒေသန္တရကျန်းမာရေးဌာနတွင် စုစုပေါင်းပြည်သူ(၃၂၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာနေရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆေးထိုးလာသူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၉နာရီမှ ညနေ ၃နာရီထိ နေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 အေးမဉ္ဇူ