ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မသန်စွမ်းသူဦးရေ (၆၂၂) ဦးအား ဆန်နှင့် ငွေသားထောက်ပံ့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၀၉:၃၀)အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မသန်စွမ်းသူဦးရေ (၆၂၂)ဦးအား ဆန်နှင့်ငွေသား ထောက်ပံ့နိုင်ရေးတို့အတွက်  မြို့နယ်မသန်စွမ်းသူများဆိုင်ရာ ကော်မတီနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့မှ ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဦးဆန်းလွင်ဦးက မိမိတို့အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ဆန်နှင့်ငွေသားများကို မိမိတို့မြို့နယ် မသန်စွမ်းသူများဆိုင်ရာ ကော်မတီဝင်များက ပူးပေါင်း၍ မသန်စွမ်းအိမ်ထောင်စုများထံသို့ ပေးအပ်ရမည်ဖြစ်ပြီး ထိုသို့ပေးအပ်ရာတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မှာတော့ ဆန်တစ်အိတ်လျှင် ငွေသား (ငါးသောင်းကျပ်)တန် တန်ဖိုးရှိ ဆန်အိတ်ပေါင်း (၆၂၂) နှင့် ငွေသားများကို (၂၂.၁.၂၀၂၁)ရက်နေ့တွင် မသန်စွမ်းအိမ်ထောင်စုများထံသို့ အသီးသီး ပေးအပ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)