မွန်ပြည်နယ်ဝန်ကြီးချုပ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိသူအားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ပေး

မော်လမြိုင်     ဇန်နဝါရီ        ၂၁

မွန်ပြည်နယ်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်  နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိခဲ့သည့် အားကစားသမားများအားပြည်နယ်အစိုးရအဖွဲ့မှဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်၁၀နာရီကမော်လမြိုင်မြို့ဖက်တန်းရပ်၊ပြည်နယ်ခန်းမတွင်ကျင်းပခဲ့ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  နိုင်ငံ့ဂုဏ်ဆောင်  ထူးချွန် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အားကစား သမားများအတွက်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်မှလည်း နိုင်ငံလက်ရွေးစင်အားကစား သမားများ၏  ဘဝအာမခံရှိရေး လုပ်ဆောင်ပေးရန်၊ ထိုက်သင့်သည့်ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များဖြည့်ဆည်းပေးရန် လမ်းညွှန်မှာကြားထားကြောင်း၊  ပြည်နယ်၏   အားကစားအဆင့်အတန်း    တိုးတက် မြင့်မားစေရေးသည် နိုင်ငံ့လက်ရွေးစင်  အားကစားသမားများသာမက  နောင်လာမည့် မျိုးဆက်သစ် များအတွက်ပါအနာဂတ်ရောင်ခြည်ထွန်းလင်းလာမည်ဖြစ်ကြောင်း၊မြန်မာ့အားကစားအဆင့်အတန်းဖြင့် နိုင်ငံတကာအလယ်တွင်မြန်မာနိုင်ငံသည်ဂုဏ်ယူဝင့်ကြွားနိုင်မှာဖြစ်ကြောင်း၊“မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့” ဆိုသည့်မြင့်မားသည့်    ရည်မှန်းချက်များချမှတ်ကာ အားကစားကဏ္ဍကို အမျိုးသားရေးအမြင်နှင့်ယှဉ်တွဲကာ မြှင့်တင်ပေးပြီး လူငယ်များ၏စိတ်ဓာတ်ရေးရာကိုလည်း ပြုပြင် ပေးခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့်  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ဖြစ်သည့်  မြားပစ်၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ဗိုဗီနမ်၊ မွေထိုင်း၊ကာယဗလ၊ဘောလုံး၊သေနတ်ပစ်၊ ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ပီတန်း၊ဟော်ကီ၊ ပြေးခုန်ပစ်နှင့် ကမ်ဗိုကစားနည်းတို့တွင်   ရွှေတံဆိပ်၊ ငွေတံဆိပ်၊ကြေးတံဆိပ်ဆုရရှိသူ ၂၉ တို့အားငွေသားဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးချီးမြှင့် ပေးသည်။

အဆိုပါဆုများချီးမြှင့်ပေးရာတွင်မွန်ပြည်နယ်အစိုးရအဖွဲ့မှ ရွှေတံဆိပ်ဆုရှင် ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀ နှုန်း၊ငွေတံဆိပ်ဆုရှင်၄ဦးအားတစ်ဦးလျှင်ငွေကျပ်၂၀၀၀၀၀နှုန်း၊ကြေးတံဆိပ် ဆုရှင် ၁၅ ဦးအား တစ်ဦးလျှင် ၁၅၀၀၀၀ စုစုပေါင်းချီးမြှင့်ငွေကျပ်၅၅သိန်း၅သောင်းချီးမြှင့်ပေးသည်။

ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်ဆုရရှိခဲ့သည့် အားကစားသမားတစ်ဦးကအားကစားသမားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။ မွန်ပြည်နယ်အနေဖြင့်မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးကိုအမျိုးသား  ရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စာပေ၊ယဉ်ကျေးမှုနှင့်အားကစားကဏ္ဍ(၃)ရပ်သည်  မရှိမဖြစ်အရေး ပါသည့်အခန်းကဏ္ဍမှပါဝင်နေသကဲ့သို့စာပေမြှင့်မှလူမျိုးတင့်မည်ဆိုသည့်စကားနှင့်အညီ အားကစား နှင့်လူငယ်ရေးရာကိုလည်း မြှင့်တင်ပေးလျက်ရှိပြီး၊  နိုင်ငံတော်မှ  အားထားရသည့်အားကစားသမား ကောင်းများစွာ ပေါ်ထွက်လာစေရေး ပြည်တွင်း၊ပြည်ပ  အားကစားပြိုင်ပွဲများ  စေလွှတ်ပေးခြင်းနှင့် အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးပြီး   လူငယ်နှင့်      အားကစားကဏ္ဍ အလိုက် အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)