ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ  ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ စာပေ ဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာမ ဒေါက်တာ မတင်ဝင်း(ပညာရေး တက္ကသိုလ်) ၏  စာအုပ်ဖြစ်သည့် “မေတ္တာပေါင်းကူး မေတ္တာဥယျာဉ်မှူးများ” စာအုပ်ထဲမှ “ကျွန်မတို့ စံနမူနာထားခဲ့ရတဲ့ အမျိုးသမီးများ”ခေါင်းစဉ်ပါ အကြောင်းအရာကို မြို့နယ်ပြည်သူ့ စာကြည့် တိုက်မှ စာကြည့်တိုက်မှူး ဒေါ်မိုးမိုးဦးက လည်းကောင်း၊ Book Club အဖွဲ့ဝင် မမာမာက “ ကံကောင်းချင် လျှင် သိက္ခာ အလှကို ဆင်ပါ ” ခေါင်းစဉ်ပါ  အကြောင်းအရာတို့ကို အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များ အခမဲ့ငှားရမ်း ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ စာကြည့်တိုက် Facebook Page မှတဆင့် စာအုပ်မိတ်ဆက် ကဏ္ဍ တင်ဆက် ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသ ပေးခြင်းနှင့် အိမ်တွင်းလက်မှု နည်းပညာများကိုလည်းလက်တွေ့ ပြသ လွှင့်တင်ပေးလျက်ရှိပြီး၊ မြို့နယ်ဌာန ဆိုင်ရာ ရုံးများနှင့် စာဖတ်ပရိသတ်များ၏ အိမ်တိုင်ရာရောက်လည်း Mobile ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)