တာချီလိတ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်း ပေးလာသော မြန်မာနိုင်ငံသားများကို Quarantine ဝင် ထားရှိသော ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ COVID-19 ကူးစက်ရောဂါအကြောင်း အသိပညာပေးလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Quarantine ဝင်လျက်ရှိသော အမျိုးသား(၇၉)ဦး၊ အမျိုးသမီး(၃၂)ဦး စုစုပေါင်း(၁၁၁)ဦးတို့သည် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြစ်ဒဏ်စေ့သဖြင့် ပြန်လည်လွှဲပြောင်းပေးလာခဲ့ကြသူများ ဖြစ်ကြသည်။ ပြစ်ဒဏ်စေ့ များကို ဩဂုတ်လ ၁၄ ရက်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှ ပြန်လက်ခံခဲ့ကာ မိုးကုတ်တရားဓမ္မ ရိပ်သာတွင် အသွားအလာကန့်သတ်ပြီး စောင့်ကြည့်နိုင်ရန် Quarantine ဝင်နေခြင်းဖြစ်ကာ နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲရလဒ်အဖြေကို စောင်းဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဉာဏ်မြင့်ဦး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ လုပ်အားရှင်များသည် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ခြင်း၊ ပညာပေးလက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့် နံရံကပ်ဗွီနိုင်းများကပ်ခြင်း၊ ကျန်းမာရေးမကောင်းသူများအား ကျန်းမာရေး ဌာနသို့ ချိတ်ဆက်ပို့ဆောင်ပေးခြင်း တို့ကို ဌာနဆိုင်ရာများနှင့် အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)