မိုးနဲ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်း သား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်က ပန်းခင်းစီမံချက်တို့နှင့် ပတ်သတ်၍ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေမှုနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်တို့ကို ဆွေးနွေးဟောပြောပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း သား/ကျောင်းသူ (၁၃၀) ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများသို့ အရောက်လိုက်လံ ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မြေစိုက် ပိုစတာများ စိုက်ထူခြင်း စသည့် ပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ