၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပျဉ်းမနား ဇန်နဝါရီ  ၂၁

လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေကိုယ်စားပြု အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန့်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေလျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာလည်း ကဏ္ဍတစ်ရပ်အနေဖြင့် အရေးကြီးပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်း တိုးတက်ကောင်းမွန်လာကာ ပြည်ထောင်စုနယ်မြေရဲ့ဂုဏ်၊ နိုင်ငံတော်ရဲ့ဂုဏ်ကို အားကစားကဏ္ဍဖြင့် မြှင့်တင်နိုင်ရေးအတွက် ယခုလို မြို့နယ်ပေါင်းစုံအားကစားပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြား သည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက နေပြည်တော်ကောင်စီ အမျိုးသမီးအဖွဲ့  နာယက ဒေါ်ယုဇနပြုံးက ယခုကျင်းပမည့် ၂၀၂၂ ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့် ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးက ကျရာကဏ္ဍများအလိုက် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ ကိုယ်စားပြုအားကစားသမားများအဖြစ် ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်သူများနှင့် ဒိုင်အဖွဲ့များအနေဖြင့်လည်း အရည်သွေးပြည့်ဝတဲ့ အားကစားသမားကောင်း များကို စနစ်တကျရွေးချယ်ဆောင်ရွက်သွားဖို့လည်းအရေးကြီးပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲကျင်းပရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုနယ်မြေအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ စီစဉ်ဆောင်ရွက် ထားရှိမှုများအားလည်းကောင်း၊ အတွင်းရေးမှူး ဒေါ်နှင်းမမဦးက ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအားလည်းကောင်း၊ တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်သွားမည့်အခြေအနေများအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။               

ခန့်ဝင်းကျော်