မိုးမိတ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဆောင်ရွက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ကိရိယာများ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာ ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်ရှိန်၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်၊ မြို့မဈေးမှကော်မတီဝင်များနှင့် ဈေးသူဈေးသားများက မီးငြိမ်းသတ် ယာဉ် နှစ်စီးဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိမ်သတ်ခြင်း မီးလောင်ပြင်တွင် ရှာဖွေကယ်ဆယ်ရေးသုံး ကိရိယာများ၏ အသုံးပြုပုံအား လက်တွေ့ပြသခြင်းများကို လေ့လာကြည့်ရှုခဲ့ ကြကြောင်းသိရသည်။
မြို့မဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း၊ အပြင်ရှိ မီးသတ် ရေကန်များ ရေအပြည့်ထားရှိပြီး ဈေးဆိုင်ခန်းများ၏ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေ၊ မီးဘေးလုံခြုံမှု ရှိ/မရှိ ၊ ဈေးဆိုင်ခန်းများတွင်ထားရှိသော မီးသတ်ဆေးဗူးများ ကောင်း/မကောင်း စသည်တို့ကို လိုက်လံ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်ရှိန်က ပြောသည်။
စည်သူဌေး