သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

သထုံ     ဇန်နဝါရီ      ၂၁

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဟိန်းလင်းစိုးနှင့် အငယ်တန်းစားရေး ဒေါ်ဟိုဇင်ဝင်းတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်၊ ကမ္ဘာပေါ်၌ ရေတည်ရှိမှုအခြေအနေ၊ ရေချိုအရင်းအမြစ်များ၏ အရေးပါမှုနှင့် လျော့နည်းပျောက်ကွယ်လာရသည့် အကြောင်းရင်းများ၊ ရေချို အရင်းအမြစ်များ ထိန်းသိမ်းရာ၌ သစ်တောသစ်ပင်များ၏ အရေးပါမှု၊ သစ်ပင်ဝါးပင်နှင့် တောင်ယာခုတ်ထွင်ခြင်း ရှောင်ရှားခြင်း၏ အကျိုးကျေးဇူးများ၊ ရေချွေတာသုံးစွဲရေး ရေထုညစ်ညမ်းမှု လျော့နည်းရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများစသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများ ခုတ်ထွင်မီးရှို့မှု မပြုရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)