နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၆၆ဦးအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ ဇန်နဝါရီ-၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်း သားပြည်သူ ၆၆ ဦးအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမားရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် COVID Shield အမျိုးအစားကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် မြို့နယ်အတွင်းနှင့် ကျေးရွာ အုပ်စုများ အတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၆၆ဦးအား ပထမအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ် ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၅၅၄ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၄ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၇၃၂ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၈၂ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၄၆၂ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)