ဂွမြို့ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဂွ   ဇန်နဝါရီ  ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက  ရုတ်တရက် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဆေးဗူး ကိုင်တွယ် အသုံးပြုနည်း အဆင့်ဆင့်တို့ကို ရှင်းလင်း ပြောကြားပြီး ဈေးသူ၊ဈေးသားများကို မီးလောင်မှု ဖြစ်ပွားလာပါက ရုတ်တရက် လက်တွေ့မီးငြှိမ်းသတ်နည်းအား သရုပ်ပြမီးငြှိမ်းသတ်စေ ခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ()စီးဖြင့် မြို့မစည်ပင် သာယာဈေးအား လက်တွေ့ရေပက်ဖျန်း၍ သရုပ်ပြသခဲ့သည်။

ဆက်လက်၍  မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများက ဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက်  ဈေးအတွင်း မီးဘေးအန္တရာယ်မှ ကာကွယ်ထားရှိမှုများနှင့် ဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်