ဟိုပုံးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဟိုပုံး ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယနေ့နံနက်(၉)နာရီ အချိန်က စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်မှ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်းနှင့် ဝန်ထမ်းများက စံဖူးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွားသေဆုံးပြောင်းဝင်၊ ပြောင်းထွက် အိမ်ထောင်စုလူဦးရေ စာရင်းများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးပြီး ပန်းခင်း စီမံချက်နှင့် ပတ်သက်၍ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)