မိုင်းယန်း ဇန်နဝါရီ ၂၁
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှု မရှိစေရေးနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ မီးလန့်မှု မဖြစ်ပွားနိုင်ရန်အတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့မစျေး အတွင်း၌ စျေးမီးဘေးလုံခြုံရေးအတွက် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်သူရက မီးသုံးစွဲမှုများနှင့် မီးသတ်စျေးဘူး အသုံးပြုပုံ၊ မီးချိတ်မီးကပ်အသုံးဝင်ပုံများ၊ မီးသတ်ပစ္စည်းကိရိယာများ ချပြရှင်းလင်းခြင်းနှင့် မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မီးသတ်ကားဖြင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း၊ မတော်တဆ ဆီပူဒယ်အိုး မီးလောင်မှုအား မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသား များကိုလည်း မီးငြိမ်းသတ်မှုများကို လက်တွေ့လေ့ကျင့် ဆောင်ရွက်စေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဦးစိုင်းပင်းမိန်းဆိုင် နှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်သူရနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စျေးသူ/စျေးသားများ တက်ရောက် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ခွန်ရဲထွေး