မြစ်ကြီးနားမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းပြုလုပ်

မြစ်ကြီးနား    ဇန်နဝါရီ    ၂၁

ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခြင်းအား ယနေ့ နံနက် ၁ဝ နာရီအချိန်က အဆိုပါရုံးရှိ မဂျွယ်ဂင်တောင်ခန်းမတွင် ကျင်းပ ပြုလုပ် သည်။

ဦးစွာ ဒုတိယမီးသတ်ဦးစီးမှူး ဦး‌ဝေလျှံထွေးမှ  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း အသိပညာများနှင့် ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးတို့အား ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာသိမ့်သိမ့်မိုးနှင့် ဝန်ထမ်းများအား အသိပညာပေးပြောကြားသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အား အဆိုပါဦးစီးဌာနရှိ ဝန်ထမ်းများနှင့်ပူးပေါင်းကာ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ထိုဇာတ်တိုက် လေ့ကျင့်မှုတွင် အဆောက်အဦအတွင်း ပိတ်မိနေသူအား Hydraulic Cutter ၊ Hydraulic Spreader အသုံးပြုပြီး ကယ်ထုတ်နည်း၊ LiftingBag အသုံးပြုပြီး ကျောက်ပြားအတွင်း ပိတ်မိနေသူအား ကယ်ထုတ်နည်း၊Tri-Pod၊ Carabiner အသုံးပြုပြီး အဆောက်အဦပျက်အတွင်း ပိတ်မိနေသူအား ကယ်ဆယ်နည်းနှင့် လူနာအား ရှေးဦးပြုစုခြင်း နည်းဖြင့် အသက်ကယ်နည်းတို့အား လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး၊ရေဘေး၊လေဘေး၊ငလျင်ဘေး အစရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်‌ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ အသိပညာ ပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား လစဉ် ဆောင်ရွက် လျှက်ရှိကြောင်း မြစ်ကြီးနား မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ခရိုင်ပြန်ဆက်