ပျော်ဘွယ် သြဂုတ် ၂၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နိုင်ငံတော်အတွင်းရှိ ကိုယ်ဝန်ဆောင်များအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ငွေဗိုက် အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ပျော်ဘွယ်မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနနှင့် မြို့နယ်အမျိုးသမီး ကော်မတီတို့ ပူးပေါင်းကာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနခွဲတာဝန်ခံ ဒေါက်တာလဲ့လဲ့အောင်က ငွေဗိုက်အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းသည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေရရှိရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် မိသားစုဝင်များမှ ကိုယ်တိုင် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီး ကော်မတီအတွင်းရေးမှူး၊ ဒေါ်သက်သက်စိုး၊ အဖွဲ့ဝင်များ ဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဖုန်းနိုင်နှင့် ဒေါ်နီလာတို့မှ ငွေဗိုက်အက်ပလီကေးရှင်း အသုံးပြုနည်းများကို ကိုယ်ဝန်ဆောင်မိခင်များအား ရှင်းလင်းပြသကြသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ငွေဗိုက်အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်သုံးသောင်းကို ငွေဗိုက်အက်ပလီကေးရှင်းတွင် ကိုယ်ဝန်ဆောင်မိခင် ထည့်သွင်းထားသည့် အချက်အလက်များနှင့်အညီ မိုဘိုင်းဖုန်းမှတဆင့် လွှဲအပ်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် မြို့ပေါ်(၉)ရပ်ကွက်အတွင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူနေသူ (၂၅၀) ဦးခန့်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)