မိတ္ထီလာ ဇန်နဝါရီ ၂၁
မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၈၀၀ ကျော် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမှာ ဒေသဝမ်းစာဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ နွေစပါး စိုက်ပျိုးရန် ရေပေးဝေလျက်ရှိသည့် မိတ္ထီလာကန်၊ ချောင်းကောက်ဆည်၊ မုန်တိုင်ဆည်၊ ညောင်ကုန်းတမံ၊ လက်ခုပ်ပင်တမံ၊ လွန်ငင်ဆည်၊ ရှမ်းမငယ်ဆည်နှင့် မြင်တော်ကန်စသည့် ဆည်များ ကန်များဖြင့် နှစ်စဉ် မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ခုနှစ်တွင် အဆိုပါ ဆည်ကန်များတွင် မိုးရေဝင်ရောက်မှု နည်းပါးသည့်အတွက် နွေစပါးကို ဆည်၊ ကန်များအားလုံး စိုက်ပျိုး နိုင်ခြင်းမရှိဘဲ မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်နှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့်သာ နွေစပါး စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ နွေစပါးများစိုက်ပျိုးရာတွင် မိတ္ထီလာကန်ရေဖြင့် လျော်ဖြူကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကိုင်၊ တောမ၊ ထမုန်ကန်၊ ခင်လူးကျေးရွာအုပ်စုများရှိ ကွင်း(၁၇)ကွင်းမှစိုက်ဧက (၅၀၀)စိုက်ပျိုး သွားရန်နှင့် ချောင်းကောက်ဆည် ရေဖြင့် ကွက်ငယ်၊ ကုက္ကိုကုန်းကျေးရွာအုပ်စုများရှိ ကွင်း(၃)ကွင်းမှ စိုက်ဧက(၂၀၀) စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် မုန်တိုင်ဆည်ရေဖြင့် မုန်တိုင်၊ သီးကုန်းကျေးရွာအုပ်စုများရှိ ကွင်းနှစ် ကွင်းမှ စိုက်ဧက (၁၀၀)နှင့် ရှမ်းမငယ် ဆည်ရေဖြင့် ရှမ်းမငယ်ကျေးရွာအုပ်စုအတွင်းရှိ ကွင်းတစ်ကွင်းမှ စိုက်ဧက ၂၀ တို့ကို စိုက်ပျိုးသွားရန် လျားထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)