မိုင်းကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

မိုင်းကိုင်    ဩဂုတ်    ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ  အခမ်းအနားကို  ယမန်နေ့က  အဆိုပါကျောင်း၏  မြတ်သီရိခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင်  မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲထွန်းအောင်က အဖွင့်အမှာ စကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းခင်မြင့်သန်းက  တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်မှု အခြေအနေ၊ အောင်ချက်ရာခိုင်နှုန်းနှင့်  အောင်ချက်မြင့်မားရေး  ရှေ့ဆက်၍ ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများ ကို  ချပြဆွေးနွေးပြီးနောက်  ကျောင်းတွင်း ဖြေဆို အောင်မြင်သူ  နန်းရွတ်နွံ၊ နန်းခမ်းဟွမ်နှင့်  ဇီဝဗေဒ ဂုဏ်ထူးရ ထူးချွန်အောင်မြင်သူ မယွန်းမီမီအောင် စသည့်ကျောင်းသူ ၃ ဦးတို့ကို လည်းကောင်း၊ ဘာသာရပ်ထူးချွန်နှင့် ဘာသာရပ်သင်ကြားရေး ဆရာမ  ၇ ဦးတို့ကို  လည်းကောင်း တက်ရောက်လာကြသော တာဝန်ရှိသူ များနှင့် ကျောင်းကော်မတီဝင်များက  ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံ ဆိပ်နှင့်  ဆုငွေများ  အသီးသီး ချီးမြှင့်ခဲ့ကြသည်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင်  အ.ထ.က(မိုင်းကိုင်)၌  ကျောင်းတွင်းဖြေဆိုသူ   ကျောင်းသား/သူ ၄၃ ဦး ရှိပြီး  ဇီဝဗေဒ ဂုဏ်ထူးရ တစ်ဦး၊ ဖြေဆိုအောင်မြင်သူနှစ်ဦး နှင့်  ကျောင်း၏အောင်ချက် ရာခိုင်နှုန်းမှာ ၆.၉% ဖြစ်ကြောင်း   ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းခင်မြင့်သန်း၏  ပြောကြားချက်အရ  သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)