ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်းသား/သူ အိပ်ဆောင်နှင့်ထမင်းစားဆောင် ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားတက်ရောက်

မြစ်ကြီးနား       ဇန်နဝါရီ    ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်၈နာရီ အချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား/သူ အိပ်ဆောင်(၂)ထပ်နှင့် ထမင်းစား ဆောင် ဆောက်လုပ်ခြင်း အတွက် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာ တက္ကသိုလ်(မြစ်ကြီးနား)ရှိ ပါမောက္ခ၊ဌာနမှူးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နှုတ်ဆက်စကား ပြောကြားသည်။ ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ၊နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးနှင့် တာဝန်ရှိသူ များသည် ကျောင်းသား/သူအိပ်‌ဆောင်နှင့် ထမင်းစားဆောင် အဆောက်အဦ ဆောက်လုပ်နိုင်ရန် အတွက် ပန္နက်ရိုက် တင်ပေးပြီး အမွှေးနံ့သာ ရေများ ပတ်ဖျန်းပေးခဲ့သည်။

အဆိုပါ ကျောင်းသား/သူ (၁၆ဝ)ဦးဆံ့ (၂)ထပ်အိပ်ဆောင်သည် အလျား ၂၁၂ပေ၊အနံ ၁၃၂ ပေ အကျယ်  ဖြစ်ပြီး  ထမင်းစားဆောင်သည် အလျား ၁၂၂ပေ အနံ ၄၈ပေ အကျယ် အဖြစ်  မနော‌ရွှေစံအိမ် ကုမ္ပဏီ မှ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၂ ခုနှစ် မတ်လအထိ (၆)လ ဘဏ္ဍာရေးနှစ်မှ စတင်ကာ  တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းအဆောက်အဦဆောက်လုပ်ပြီးစီးပါက ‌ဝေးလံခေါင်ဖျားသော ‌ဒေသများမှ ကျောင်းသား /သူများအား ဦးစားပေးအနေဖြင့် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိနည်းပညာ တက္ကသိုလ်(မြစ်ကြီးနား)တွင် ပဥ္စမနှစ်နှင့် နောက်ဆုံးနှစ်အတန်းများကိုသာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း  ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးထံမှ သိရသည်။

ပြည်နယ်ပြန်/ဆက်