ကျောက်ဆည်မြို့နယ် စပယ်တောကျေးရွာတွင် (၁၆) ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများ ကောက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ထုတ်ချေးပေးထားသော (၁၆) ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများကောက်ခံရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စပယ်တောကျေးရွာ အောင်ချမ်းသာဓမ္မာရုံတွင် စပယ်တောစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အမှုဆောင်များ၊ အသင်းသားများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်က အခြေခံသမဝါယမ အသင်းစုလီမိတက် များမှ အသင်းဝင်တောင်သူများ လိုအပ်လျက်ရှိသော ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် EXIM BANK ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ရာ (၁၆) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ အဆိုပါချေးငွေများ သက်တမ်းကာလ ပြည့်မြောက်ပြီးဖြစ်၍ အရင်းနှင့် အတိုးငွေများ ကောက်ခံရရှိရေး သမဝါယမဦးစီးဌာနအနေဖြင့် ချေးငွေကောက်ခံရေးအဖွဲ့(၅)ဖွဲ့ကို မြို့နယ် သမဝါယမအသင်းစု လီမိတက်နှင့် ပူးပေါင်းဆောင်ရွက်ထားပါ ကြောင်းနှင့် ထပ်မံချေးပေးမည့် EXIM BANK ချေးငွေများကို အသင်းသား၊ တောင်သူများ အတိုးနှုန်း သက်သာ အောင် ကြိုးစားဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးကျော်သန်းနှင့် နယ်မြေတာဝန်ခံ ံဦးတင်မောင်အေးတို့ က EXIM BANK ချေးငွေများကိုသတ်မှတ်ကာလအတွင်း ပေးဆပ်နိုင်ရေးဆောင်ရွက်မည့် အစီအမံများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် မြို့နယ်သမဝါယမအသင်းစု လီမိတက်အနေဖြင့် EXIM BANK ချေးငွေလုပ်ငန်းများကို အခြေခံ သမဝါယမ အသင်းပေါင်း(၁၅၂)သင်းတို့မှ အသင်းသားများအား ထုတ်ချေးပေးခဲ့ရာ ချေးငွေကျပ် (၄၇၈.၅၂၅) သန်းနှင့် အတိုးငွေပေါင်း (၅၂.၆၃၆) သန်း ပြန်လည် ကောက်ခံရရှိရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ  သိရှိရသည်။

တင်တင်ထွေး