မိုင်းဖြတ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club၊ Youth Club အသင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်အောင်မင်း၏ “အကယ်ဒမစ် လွတ်လပ်ခွင့်၊ အကယ်ဒမစ် အရည်အသွေးနှင့် ပညာရေးအတွေးအမြင်” စာအုပ်ဖြင့် “စာဖတ်ဝိုင်း” ကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာရေး ဆရာ၏အမှာစာပါ ကောက်နုတ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် Book Club အသင်း အတွင်းရေးမှူး ဦးအောင်မြတ်မိုးက “အရေအတွက်လား၊ အရည်အချင်းလား” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်သိမ့်သိမ့်ထွန်းက “အကယ်ဒမစ် လွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အသင်း အတွင်းရေးမှူး ဦးရဲသူရအောင်က “အခြေခံပညာရေးမှာ ဘာကြောင့် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားပေးဖို့လိုအပ်သလဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စာပေဝါသနာရှင် ဦးကျော်ရဲရင့်အောင်က မိဘများအနေဖြင့် သားသမီးများကို လွယ်လင့်တကူ ဘွဲ့ရရင်ပြီးရော အနေဖြင့် ပညာသင်ယူစေခြင်းမျိုးမပြုပဲ၊ သားသမီး များ စိတ်ဝင်စားပြီး နှစ်သက်သည့် ဘာသာရပ်များကို အရည်အချင်းရှိစွာ သင်ယူနိုင်ခွင့်ပြုပေးနိုင်ရန်နှင့် စပ်လျဉ်း၍ ပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ရင်းနှီးမှု၊ ပွင့်လင်းမှုရရှိပြီး အသိပညာ ဗဟုသုတလည်း ရရှိစေမည်။ ထို့အပြင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အတွေးအမြင် တိုးတက်စေမည်။ အတွေးအမြင် တိုးတက်လာသည်နှင့် အမျှ စာဖတ်နှုန်းလည်း တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)