မိတ္ထီလာ ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းသည် မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းသည် ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘဏ္ဍာရေးနှစ်၌ သာစည်မြို့နယ်တွင် တိုးဝေလျှံကုမ္ပဏီမှ တာဝန်ယူပြီး အောင်မြင်သာကျေးရွာမှ ကွင်းအမှတ် (၁၇၉၂၊ ၁၇၉၄၊ ၁၇၉၆)သို့ ဆက်သွယ်သော အရှည် ၁ မိုင်ရှိ ကုန်ထုတ်လမ်းအား မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရွှေစင် အားမာန် ကုမ္ပဏီမှ တာဝန်ယူပြီး မကျီးကန်ကျေးရွာ၊ ဘိုးကုန်ကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိ သည့် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ မီးလိုင်း သွယ်တန်းခြင်း၊ မော်တာနှင့် ပန့်တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ် ဆောင်ရွက်သွားရန် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံများအား တွေ့ဆုံဆွေးနွေးခဲ့သည်။
၎င်းအပြင် ၂၀၂၁-၂၀၂၂ခု ခြောက်လ ဘဏ္ဍာရေးနှစ်၌ ဝမ်းတွင်းမြို့နယ်တွင် တင်ဒါအောင်မြင်သည့် TNT Myanmar Construction Co;Ltdမှ တာဝန်ယူပြီး အင်းကန်းကုန်းကျေးရွာ အရှေ့ဘက် ကွင်း အမှတ်(၁၂၅၂/၂၀၆၁)သို့ သွားသော အရှည် ၁ မိုင် ၃ ဖာလုံရှိ ကုန်ထုတ်လမ်းကို မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း၊ Slab Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းများနှင့် Triple thar Co;Ltdမှ တာဝန်ယူပြီ ပင်တလဲကျေးရွာ၊ ရုံးပင်ကုန်ကျေးရွာ၊ ဆူးဖြူကန်ကျေးရွာတို့ ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ရေစုကန် တည်ဆောက်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်း၊ စက်တပ်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အရည်အသွေး ပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)