လောက်ကိုင်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ

လောက်ကိုင် ဇန်နဝါရီ ၂၁

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးဝန်း၌ ကျင်းပသည်။

၂၀၂၁−၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်အတွင်း မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မိုးပုလဲသွယ်ဂရု(ပ်) ကုမ္ပဏီမှ အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၈ ပေရှိ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ် ဦးစီးမှူးရုံးတွင် သိုလောင်ရုံနှင့် အသိပညာပေးစင်တာ RCC နှစ်ထပ်၊ သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း အဆောက်အဦဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များက အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်ပြီး သပြေခက်ဖြင့် အမွေးနံ့သာရေ ပက်ဖျန်းသည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြောင်း သိရသည်။

လောက်ကိုင်ဒေသ(ပြန်/ဆက်)