ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ

ဗိုလ်တထောင်  ဇန်နဝါရီ  ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာများအား လူစည်ကားရာနေရာများဖြစ်သည့်  လမ်းဆုံများ၊ ကားမှတ်တိုင် များ၊ စျေးများတွင်ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက် များအတွင်း လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေး လိုက်ရသည်။

မေး= အမည်၊ နေရပ်လိပ်စာနှင့် အလုပ်အကိုင်ဖြေကြားပေးပါရှင့်။

ဖြေ= ကျွန်မကတော့ ဒေါ်မြတ်မြတ်စိန်ဖြစ်ပါတယ်၊၊ ဗိုလ်တထောင်မြို့နယ်၊ ရာဇာဓိရာဇ်အိမ်ရာ တွင် နေထိုင်ပြီးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

မေး=ကိုဗစ်-၁၉ ရောဂါကို ဘယ်အချိန်လောက်မှာ စဖြစ်ပြီး ဘယ်လိုဝေဒနာမျိုးခံစားရပါသလဲ။

ဖြေ= ကျွန်မက ဇူလိုင်လ (၁၂)ရက်နေ့မှာ စပြီး ဖျားပြီး ဆေးခန်းသွားပြပါတယ်။ ကိုယ်ပူတယ်၊ တစ်ကိုယ်လုံး ကိုက်ခဲပြီး နေမကောင်းဖြစ်လာပါတယ်။ ဇူလိုင်(၁၄)ရက်နေ့မှာတော့ အနံ့စတင် ပျောက်သွားသည့်အတွက် ဆေးခန်းသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိခဲ့တယ်။

မေး=ကျန်းမာရေးကောင်းမွန်အောင် ဘယ်လိုနေထိုင်ခဲ့ပါသလဲ။

ဖြေ= ကျွန်မ ကိုဗစ်- ၁၉ ရောဂါဖြစ်တဲ့အချိန်မှာ အိမ်မှာအခန်းခွဲပြီးတစ်ယောက်တည်း သီးသန့် နေတယ်၊ သုံးတဲ့ပစ္စည်းအစားအသောက်ကအစ အားလုံးသီးသန့်နေထိုင်ပြီး သုံးပြီးသားပစ္စည်း တွေကိုလည်း ပိုးသတ်ဆေးနဲ့ သေချာဖြန်းပြီး အသုံပြုပါတယ်၊ ပြီးတော့ ဆရာဝန်မှာကြားသည့် အတိုင်း အချိန်မှန်မှန်ဆေးသောက်ခြင်း၊ အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ တယ်။ အချိန်မှန်မှန်စားပြီး အိပ်ရေးဝ ဝအိပ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အစားအသောက် စားချင်စိတ်လုံးဝမရှိပါဘူး။ ဒါပေမဲ့ အာဟာရပြည့်ဝမှ ကျန်းမာမည်ဖြစ်သောကြောင့် အာဟာရ ပြည့်ဝအောင် စားသောက်ခဲ့ပါတယ်။ ဇူလိုင် (၂၈)ရက်နေ့လောက်မှာ အနံ့ပြန်ရခဲ့ပါတယ်။

မေး= ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ပြောပြ ပေးပါ။

ဖြေ= ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားအောင်ဆရာဝန် မှာကြားသည့်အတိုင်း  ပြည်သူများအနေနဲ့ မလိုအပ်ဘဲ အပြင်သို့ မကြာခဏထွက်ခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏ စက္ကန့် ၂၀ ကြာအောင် ဆေးကြောရန်၊ အပြင်ထွက်တိုင်း Mask တပ်ဖို့၊ မဖြစ်မနေအပြင် သွားရပါက ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြဖို့၊ ကိုယ်ခံအားကောင်းအောင် အာဟာရ ဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြဖို့နှင့် အိပ်ရေးဝ ဝအိပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

မေး= ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် နောက်ဆက်တွဲ လက္ခဏာတွေကို ဘယ်လိုခံစားရပါ သလဲ။

ဖြေ= မကြာခဏ သတိမေ့တယ်၊ ညဘက်တွေမှာလဲ အိပ်မပျော်တာတွေဖြစ်လာတယ် ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးဖြစ်တဲ့ အတွက် ကာကွယ်ဆေး မထိုးနှံရသေး သူများကိုလည်း ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်း လိုပါ တယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

မေနှင်း(ဗိုလ်တထောင်)