ကျိုက်ထို ဇန်နဝါရီ ၂၀
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက် နေ့လည် ၂ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က မိမိတို့ဌာနအနေဖြင့် Covid-19 ကာလတွင် ပြည်သူများအသိပညာဗဟုသုတ ရရှိစေရန် Online မှတစ်ဆင့် မိမိတို့ဌာန၏ လုပ်ငန်းစဉ်များနှင့်အတူ အခြားဌာနများ၏ လုပ်ငန်းစဉ်များ၊ လူမှုရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ဖေါ်ပြပေးလျှက်ရှိပြီး ယခုအပတ်တွင် မီးဘေး အန္တရာယ်အသိပညာပေးလုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူးဦးရဲညွန့်ထွေးက မီးသတ်တပ်ဖွဲ့၏ လုပ်ငန်း စဉ်များ၊ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများ၊ မီး ဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေ၊ မီးဘေးကြိုတင်ကာကွယ်ရာတွင် ပြည်သူများပူးပေါင်းပါ၀င် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ်အတွင်း မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင်မီးလောင်မှု (၅)ကြိမ်ဖြစ်ပွားခဲ့ရာ (၄၇သိန်း ၊ ၁ ထောင် ) ပျက်စီးဆုံးရှုံးခဲ့ပြီး အများစုမှာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)