မလှိုင်မြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြား( ၉၈) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး

မလှိုင်  ဇန်နဝါရီ  ၂၁

လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးဒုတိယညွှန်ကြားရေး မှူး ဒေါ်အုန်းသန်းသည် မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဌေးသန်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူး ထိန်လင်းမောင်၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မလှိုင်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက်နှင့်ကုန်းတဲ ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ကို ၂ဝ၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ သတ်မှတ်ကာလ ထက် စောလျှင်စွာ ရာနှုန်းပြည့်ပြီးမြောက်စေရန် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရပြီး ယမန်နေ့က အမှတ်(၂) ၊ အမှတ်(၃)ရပ်ကွက်နှင့် ကုန်းတဲကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ၁၆ နှစ်နှင့် ၁၈ နှစ်ကြား(၃က)နှင့် ၁၈ နှစ် အထက်(၆က) စုစုပေါင်း (၁၄၆) ဦး ကိုဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။ ကွင်းဆင်းဆောင်ရွက်ရာသို့ မိတ္ထီလာခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အုန်းသန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူး ဌေးသန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်လဝကဦးစီးမှူး ဦးသိန်းဟန်က ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်ကတ်) ပြားရရှိသူများကို မိတ္ထီလာခရိုင် လဝက ဦးစီးမှူး ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ကိုယ်တိုင် ပေးအပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရမည့်လျာထားလူဦးရေမှာ (၇၅၄၄) ဦးဖြစ်၍  ဇန်နဝါရီ ၂ဝ ရက်နေ့အထိ ၁၆ နှစ်နှင့် ၁၈ နှစ်ကြား(၃က)  (၆၈၆) ဦး ၊ ၁၈ နှစ် အထက်(၆က) (၆၇၅၆)ဦး၊ စုစုပေါင်း( ၇၄၄၂ )ဦးကို  ဆောင်ရွက်ပြီးဖြစ်၍ ( ၉၈ ဒသမ ၆၅ )ရာခိုင်နှုန်း ဆောင်ရွက် နိုင်ကြောင်းသိရသည်။ ကျန်ရှိနေသူများကိုသတ်မှတ်ကာလမတိုင်မီ ပြီးစီးရေးကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်သည်။ ပန်းခင်းစီမံချက်ကာလမှာ( ၃.၅.၂ဝ၂၁ မှ ၃.၁၁.၂ဝ၂၂ ) ထိ (၁၈) လဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)