တောင်ကြီး ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အမျိုးသား စာရင်းအင်းစနစ် ခိုင်မာအားကောင်းရန် အထူးလိုအပ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ပြီး ယုံကြည်ကိုးစားနိုင်သည့် စာရင်းအင်းအချက်အလက်ရှိမှသာ နိုင်ငံအတွက်လိုအပ်သည့် လူမှုရေး၊ စီးပွားရေး မူဝါဒများ၊ စီမံကိန်းများ ချမှတ်သည့်အခါ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်ပြီး ယုံကြည်ကိုးစားနိုင်သည့် စာရင်းအင်းအချက်အလက်များ မူဝါဒချမှတ်မည့်သူတွေသာ လိုအပ်တာမဟုတ်ဘဲ သုတေသနပြုလုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကျောင်းသားများအတွက်လည်း အထူးလိုအပ်ပြီး ပွင့်လင်း မြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အစိုးရတစ်ရပ်ဖြစ်ရန် တိကျမှန်ကန်သည့် စာရင်းအင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့၏ အခြားလုပ်ငန်းတာဝန်များဖြစ်သည့် မွေးဖွားမှုနှင့်သေဆုံးမှုစာရင်းများ စုစည်းတင်ပြခြင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးဆိုင်ရာ အညွှန်းကိန်းများ စုစည်းတင်ပြခြင်း၊ လူမှုစီးပွားဆိုင်ရာ စာရင်းအင်းများ စုစည်းတင်ပြခြင်းနှင့် စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အတွင်း မှာရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများ အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် ယနေ့ကျင်းပသည့် စာရင်းအင်းဥပဒေနှင့် နည်းဥပဒေအသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဌာနများကိုသာ ဖိတ်ကြားနိုင်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း)ကို မဖိတ်ကြားနိုင်သောကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိဌာနများက အပြည့်အဝနားလည်သဘော ပေါက်နိုင်သည့် အနေအထားတွေ့ရပါကြောင်း စာရင်းအင်းဥပဒေ၊ နည်းဥပဒေများကို မိမိတို့သိသင့်နည်းတူ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ ဌာနဆိုင်ရာဝန်ထမ်းများလည်း သိသင့်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဌာနများကလည်း ဖြန့်ဝေသတင်းစကားပေးရန် ပြောကြားသည်။
ဆက်လက်၍ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ဗဟိုစာရင်းအင်းအဖွဲ့၊ နေပြည်တော်(ရုံးချုပ်) ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းဇော်မှ ဆွေးနွေးရှင်းလင်းပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေးကြကာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများပါ အချက်အလက်များကို အခြေခံပြီး မိမိတို့ဌာနအသီးသီး၏ စာရင်းအင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ပြီး အရည် အသွေးပြည့်ဝသော ယုံကြည်စိတ်ချရသည့် စာရင်းအင်းများ ရရှိနိုင်လိုက်မည်ဟု နိဂုံးချုပ်စကား၌ ပြောကြားကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)