မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sputnik light)(ရုရှား)ကာကွယ်ဆေး စတင်ထိုးနှံပေး

မင်္ဂလာဒုံ ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Sputnik light)(ရုရှား) ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှအပ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်သာထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးရာတွင်လည်း မိနစ်(၃၀)အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sputnik light(ရုရှား)ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာများအလိုက် နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန္တာ(ပြန်/ဆက်)