မောက်မယ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်ရှိ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများ၊ စျေးသူ/စျေးသားများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီ မီးငြိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇေယျာလွင်က မြို့မစျေးအတွင်းရှိ စျေးသူ/စျေးသားများအား ဖိတ်ကြားကာ လူစုပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ စျေးသူ/စျေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးကိုသတိနှင့် စနစ်တကျအသုံးပြုစေရေးနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံ နည်းစနစ်များကို လက်တွေ့သရုပ်ပြသခဲ့ပြီး တက်ရောက်လာကြသော စျေးသူ/စျေးသားများကိုယ်တိုင် လက်တွေ့မီးငြိမ်းသတ်ရေး လေ့ကျင့်မှုများကို ဆောင် ရွက်စေခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စျေးသူ/စျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)