လားရှိုး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ဌာနလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်အိအိသိမ့်မှ လားရှိုးလူထုအခြေပြုဗဟိုဌာန (Community Centre) အကြောင်း မိတ်ဆက်ပြောကြားပေးခဲ့သည်။ ထို့နောက် သဘာ၀ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပွင့်ဖြူစင်နှင့်ဝန်ထမ်းများက ရေချွေတာသုံးစွဲရေးနှင့် တောင်ယာခုတ်ထွင်မီးရှို့မှုမပြုရေး၊ ပလပ်စတစ်အိတ်များသုံးစွဲမှုကို လျှော့ချစေနိုင်မည့် နည်းလမ်းငါးသွယ်၊ ကမ္ဘာတစ်ဝှမ်း ပလပ်စတစ်စွန့်ပစ်မှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် ပလပ်စတစ်စွန့်ပစ်မှုအခြေအနေများ စသည့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သော အကြောင်း အရာများကို ဆွေးနွေးဟောပြောပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ပြီး သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဌာနမှထုတ်ဝေသော သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး