ရန်ကင်းမြို့နယ်၌ မိုးကောင်းဆုတောင်းပြည့်စေတီတော်ကြီး ရင်ပြင်တော်အသစ် ပြန်လည်ပြုပြင်ရန် ပန္နက်တင် အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားပြုလုပ်

ရန်ကင်း ဇန်နဝါရီ ၂၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းလမ်းရှိ မိုးကောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ကျောက်ပြားများ အသစ်ပြန်လည်ခင်းရန်အတွက် ပန္နက်တင်အခမ်းအနားနှင့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါမိုးကောင်းဘုရားရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာဂန္ထဝါစကအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာမိနှင့် သံဃာတော်အရှင်သူမြတ်တို့က အောင်ဂါထာ (၉)ကြိမ်ရွတ်ဖတ်သရာစ္စာယ်ခဲ့ပြီး မင်္ဂလာအချိန်ကျရောက်သည့် နံနက်(၉)နာရီတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာဂန္ထဝါစကအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသာမိက ပန္နက်ရိုက်မင်္ဂလာပြုလုပ်ခဲ့သည်။ ယင်းနောက် ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ မိုးကောင်းဆု တောင်းပြည့်စေတီတော်ကြီး၏ ရင်ပြင်‌တော်ပေါ်ရှိ ကျောက်ပြားများမှာ နှစ်ပေါင်း(၆၀)ကျော် ကြာမြင့်နေပြီဖြစ်သဖြင့် အသစ်ပြန်လည်ခင်းရန်အတွက် အလှူငွေပေးအပ်ပွဲကျင်းပခဲ့ရာ အလှူရှင်များက လှူဒါန်းသည့် အလှူငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမင်းမင်းလတ်က လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘုရားဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ သာသနာရေးဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)