ရွာငံမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာစိုက်ပျိုးသူများ အထွက်တိုးကာ စျေးကောင်းရရှိ

ရွာငံ ဇန်နဝါရီ ၂၀

ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကအခြေခံ၍ လုပ်ကိုင်ကြရာ ယခုနှစ်တွင် တောင်သူများအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ရေဆင်းစပ်မျိုးဖြစ်သည့် အထွက်တိုးနေကြာများကို တိုးချဲ့စိုက်ပျိုးလာရာ နေကြာစိုက်တောင်သူများ အထွက်တိုးကောင်း မွန်၍ စျေးကောင်းများရရှိကြကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။

ရွာငံမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ ပန်းနှမ်း၊ ဆီစားမုန်ညင်း၊ နှမ်းလုံးစသော ဆီထွက်သီးနှံအမျိုးမျိုးကို စိုက်ပျိုးကြသော်လည်း ယခုနှစ်ဆောင်းသီးနှံတွင် အထွက်တိုးနေကြာမျိုးကို အဓိကဦးစားပေးစိုက်ပျိုးကြရာ စားသုံးဆီစျေးနှုန်းကောင်း မွန်သောကြောင့် နေကြာစိုက်တောင်သူများ ဝင်ငွေတိုးအဆင်ပြေလျက်ရှိသည်။ နေကြာကို ရွာငံမြို့နယ်တွင် မိုးသီးနှံနှင့် ဆောင်းသီးနှံအဖြစ် ယခုနောက်ပိုင်းတွင် စီးပွားဖြစ် အများအပြားစိုက်ပျိုးကြရာ မိုးသီးနှံတွင် စိုက်ပျိုးသောနေကြာသည် အပင်များအားကောင်းသော်လည်း အထွက်နှုန်းနည်းပါးသောကြောင့် ဆီထွက်နှုန်းမကောင်းပေ။ ဆောင်းသီးနှံကို တော်သလင်းလပြည့်ကျော်မှစ၍ သီတင်းကျွတ်လမကုန်မှီ စိုက်ပျိုးပါက သီးနှံများအောင်မြင်၍ အထွက်နှုန်းတိုးကာ ဆီထွက်နှုန်းအလွန်ကောင်းမွန် လှသည်။ ဆောင်းသီးနှံနေကြာတွင် နေကြာ(၂၄)ပိဿာ ဆီကြိတ်ပါက ဆီ(၁၀)ပိဿာခန့် ထွက်ရှိသည်။ နေကြာစိုက်ပျိုးရာတွင် တန်းစနစ်ဖြင့်လည်းကောင်း၊ ပတ်ကျဲစနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြရာ ရွာငံမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စရိတ်အလွန်သက်သာသော ပတ်ကျဲစနစ်ဖြင့် အများစိုက်ပျိုးကြသည်။ တစ်ဧကလျှင် ကုန်ကျစရိတ် ခြောက်သောင်း ခွဲဝန်းကျင်ကုန်ကျရာ အထွက်နှုန်းကောင်းမွန်သော စိုက်ခင်းများတွင် တင်း(၂၀)ဝန်းကျင် ထွက်ရှိသောကြောင့် တောင်သူများအနေဖြင့် တွက်ခြေ ကိုက် အဆင်ပြေလျက်ရှိကြသည်။ အများစုတွင် မိမိတို့အိမ်သုံး အလုံအလောက်ရရှိကြသည့်အပြင် ပိုလျှံလျက်ရှိသည့်ဆီများကို တစ်ပုံးလျှင်(၈၅၀၀၀)ကျပ်မှ (၉၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)