မိုင်းယုမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပ

မိုင်းယု ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မိုင်းယုမြို့ နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ခံတပ်ကြပ်ကြီး အောင်မျိုးထိုက်က ပြည်သူများအနေဖြင့် နွေရာသီသို့ ကူးပြောင်းစပြုလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးနှင့် ကြုံကြိုက်လာပါက အဆင်သင့်ငြိမ်းသက်နိုင်ရန်အတွက် မိမိတို၏နေအိမ်တွင် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ ထားရှိနိုင်ရေး၊ မီးသတ်တပ်ဖွဲ့ဝင်တို့တွင် ထားရှိရမည့် လုပ်ဆောင်ချက်များနှင့် စိတ်ဓာတ်များ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဆောင်ချက်များ၊ ပြည်သူတို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်နည်းသရုပ်ပြပေးခြင်းများ၊ မီးကိုအသုံးပြုပါက မီးကြွင်းမီးကျန်များ မထားရှိစေရေး၊ မီးနှင့် အန္တရာယ်ဖြစ်စေနိုင်သည့်အရာများ အနီးကပ်မထားရှိစေရေး၊  အိမ်အပြင်ထွက်သွားလျှင် လျှပ်စစ်မီးမိန်းချသွားရန်နှင့် ဖယောင်းတိုင်မီး၊ မီးဖိုမီးများကိုလည်း စနစ်တကျငြိမ်သတ်ပြီးမှ သွားလာနိုင်ရေး၊ မီးလောင် ကျွမ်းခဲ့သည့်ဆိုပါက အချိန်မီ မီးသတ်ဦးစီးဌာနသို့  အလျင်အမြန် အကြောင်းကြားစေရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

ယင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်းသည် နွေရာသီကူးပြောင်းလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများကို မီးဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်သတိပေးသည့်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)