နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

နမ္မတူ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ကာ ပန်ဟိုက်ရပ် ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် COVID Shield အမျိုးအစား ကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် မြို့နယ်အတွင်းနှင့် ကျေးရွာအုပ်စုများအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၅၅၄ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၄ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၆၆၆ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၈၂ ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၃၉၆ ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)