ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးအောင်မျိုး ပန်းခင်းစီမံချက် ရာနှန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မာန်အောင် ဇန်နဝါရီ ၂၀

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးသည် ပန်းခင်းစီမံချက် ရာနှန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မာန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက အသက် ၁၆ နှစ်ပြည့်ပြီးသူများအား မှတ်ပုံတင်ကတ်ရရှိစေရန် ပန်းခင်းစီမံချက်ဖြင့် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကာလသည် ၃--၂၀၂၁ မှ ၃-၁၁-၂၀၂၂ ထိ(၁၈)လသတ်မှတ် ထားပါကြောင်း၊``လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့´´ ဆောင်ပုဒ်နှင့်အညီ ပြည်သူများအား မှတ်ပုံတင်ပြုလုပ် ပေးလျက်ရှိကြောင်း ပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားလိုကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းနုက ပန်းခင်းစီမံချက် ရာနှန်းပြည့် အောင်မြင်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရာတွင် လိုအပ်သည့် အထောက်အထားများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်နယ် ဦးစီးမှူးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

မာန်အောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ကတ် လုပ်ဆောင်ပြီးသူပေါင်း ၇၃၂ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)