ငဖဲမြို့နယ်တောင်ပေါ် ဒေသကျေးရွာများတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေး

ငဖဲ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသများမှ ကျေးရွာများတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Phase-5)Sinopham ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုး အဖွဲ့များခွဲ၍ ကျေးရွာဓမ္မာရုံများနှင့် စာသင်ကျောင်းများတွင် စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဦးစီးဌာနမှ ဆရာ၊ဆရာမ များက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါအား မိမိကျေးရွာနှင့် မိသားစုများအတွင်း အပြည့်အဝကာကွယ်မှုပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများ  မပျက်မကွက်လာရောက်ထိုးနှံ ပေးကြရန် အသိပညာပေး ပြောကြားသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Phase-5)Sinopham ဆေးကို တောင်ပေါ်ဒေသ ကာကွယ်ဆေးထိုးစုရပ် ကျေးရွာများဖြစ်သည့် လိုင်ကျေးရွာတွင် (၁၄)ဦး၊ ပဇီ(၃၀)ဦး၊ စွန်တက်(၁၀)ဦး၊ လင်းတဲ(၂၀)ဦး၊ ပဘဲ(၁၄)ဦး၊ ဂုတ်ကြီး(၁၂)ဦး၊ ဘုံးဘော(၄၀)ဦး၊ ပဘွေး(၅)ဦး၊ တင်ပြင်း(၃၅)ဦး၊ နောင်(၅၂)ဦးနှင့် ကျေးရွာစာသင် ကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူပေါင်း (၈၂)ဦး စုစုပေါင်း ပြည်သူ (၃၁၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)