သန်လျင်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန် သြဂုတ် ၂၆

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (ခရိုင်တာဝန်ခံ)နှင့် ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန်တောင်ပိုင်းခရိုင် (တာဝန်ခံ) ဦးကျော်မိုးကြည်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သြဂုတ် ၂၂ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခြင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော မဲစာရင်းပြည့်စုံ မှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မြို့နယ် ၁၀ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး မဲရုံပေါင်း ၁၇၀၀ ကျော်နှင့် မဲဆန္ဒရှင် ၁၀ သိန်းကျော် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် ရွေးကောက်ပွဲကာလ နီးကပ်လာပြီဖြစ်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ စုံညီစွာ နေ့စဉ်ရုံးတက် ဆောင်ရွက် ရေး၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းသွားရောက်၍ ကြီးကြပ်ကွပ်ကဲ စီမံပေးသွားကြရန်တို့အား ရှင်းလင်း ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးမင်းက မဲရုံလျာထားမှုများနှင့် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်များမှ ရရှိသော ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄-(ဂ) တို့ကို ဒုတိယအကြိမ် မဲစားရင်းကပ်ထားကြေညာမည့် အချိန်တွင် အချိန်မီပြီးစီးကပ်ထား ကြေညာပေးနိုင်ရေးနှင့် သင်တန်းပို့ချမည့် အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရေးတို့အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး တို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ရန်ကုန် တောင်ပိုင်းခရိုင် (တာဝန်ခံ) ဦးကျော်မိုးကြည် က ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး ယခုအခါ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြလုပ်ရန် ၇၅ ရက်သာ လိုတော့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)