ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်နေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးအတွက် အမြဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရုံးသို့ သွားရောက်၍ စာပေဖတ်ရှုသူ တပ်ဖွဲ့ဝင်များ လက်ဝယ်အရောက် သုတ၊ ရသစာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာအုပ်များ ငှားရမ်းပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ (တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့် စာကြည့်တိုက်လက်ထောက်(၃)တို့က ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား စာကြည့်တိုက် အသင်းဝင်ကတ်များ ပြုလုပ်ပေးပြီး ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များ၊ အသစ်ထွက်ရှိသည့် လစဉ်ထုတ်မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များ၊ ဂျာနယ် စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်း အပြင် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ/ရသစာအုပ်မျိုးစုံတို့ကို စာဖတ်သူပရိသတ်များ ဖတ်ရှုငှားရမ်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Face Book Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ကဏ္ဍ ပြုလုပ်ပေးခြင်း၊ ကလေးငယ်များအတွက် အွန်လိုင်းမှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းနှင့် အိမ်တွင်းမှု လက်မှုနည်းပညာများကိုလည်း လက်တွေ့သရုပ်ပြသ လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)