မိုးနဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ ပြည်သူများသတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရှမ်းဘာသာ/ မြန်မာဘာသာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့် အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ အလုံပိတ်အခန်း များနှင့် လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးနှင့် ပတ်သက်၍ မိဘပြည်သူများ အနေဖြင့် အလွန်အမင်း စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပြည်သူတစ်ဦးချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် စသည့် အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရ သည်။
မျိုးညွန့်ရွှေ (မိုးနဲ)