မိုင်းခုတ် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင် ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံရန်၊ အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ မိမိအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေးရွာများ အရောက် ကွင်းဆင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)