အလုံ ဇန်နဝါရီ ၂၀
အလုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ဆေးလိပ် မသောက်ရနေ့ အထိမ်းအမှတ် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်က အလုံမြို့နယ်အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ လူငယ်များ ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်နှင့် ကာတွန်းရေးဆွဲခြင်း ဝါသနာ စွမ်းရည်မြှင့်တင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူ(၅)ဦးနှင့် ပြိုင်ပွဲဝင်များအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများချီးမြှင့်ခြင်းနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။