သထုံ ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာမှ မိရိုးဖလာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် နှီးခမောက် ယက်လုပ်ခြင်း လုပ်ငန်းမှာ ယခုပွင့်လင်းရာသီ၌ ဝယ်ယူအသုံးပြု သူပိုမိုများပြား လာသောကြောင့် မိသားစု အပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အထောက်အပံ့ဖြစ်ကာ အဆင်ပြေကြကြောင်း နှီးခမောက်ယက် လုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရသိသည်။
"ဒီနှီးခမောက်တွေက ခြံလုပ်၊ လယ်လုပ်တဲ့သူတွေဘဲ အများဆုံးသုံးကြတော့ ခုလိုပွင့်လင်းရာသီမှာ ပိုပြီးအမှာများတယ်၊ ဝါးဖက်ခမောက်တွေထက် ပိုပြီးခိုင်တော့ လူကြိုက် များတယ်၊ ဒီအလုပ်က စီးပွားတော့ မဖြစ်ဘူး အိမ်မှာနေရင်းအပိုဝင်ငွေရတော့လည်း စားဝတ်နေရေး အဆင်ပြေတာပေါ့၊ ကျွန်မတို့ ဒီအလုပ်ကို လုပ်ကိုင်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ၊ အရင်ကတော့ ဒီလုပ်ငန်းနဲ့ဘဲ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပြီး အလှူအတန်းလည်းလုပ်နိုင်တယ်'' ဟု နှီးခမောက်ယက်လုပ်ငန်း လုပ်ကိုင်သူဒေါ်ရွှေမယ်က ပြောသည်။
နှီးခမောက်ယက်လုပ်ငန်းကို ဒုံဝန်းကျေးရွာ၌ ယခင်ကတစ်ရွာလုံးနီးပါးခန့် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြသော်လည်း စီးပွားမဖြစ်ထွန်းသည့် တနိုင်တပိုင် လုပ်ငန်းဖြစ် သောကြောင့် ယခုအခါတွင် လုပ်ကိုင်သူ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း ၎င်းက ပြောသည်။
နှီးခမောက်ယက်လုပ်ရာတွင် ဒေသအခေါ် ရွှေမှုန်ဝါး၊ ဝါးနွယ်ဝါးများဖြင့် အသုံးပြုယက်လုပ်ရပြီး ဝါးခွဲ၊ နှီးဖြာ၊ ဂွေချ၊ ယက်လုပ်၊ ဆေးဆိုးခြင်း စသည်ဖြင့် အဆင့် ၅ ဆင့်ခန့် ယက်လုပ်ရကြောင်း လက်ရှိကာလတွင် လုပ်ကိုင်သူနည်းလာသဖြင့် ဈေးကောင်းရလာသလို ယက်လုပ်နိုင်တာထက်ပိုပြီး မှာယူမှုများ လာကြောင်း သိရသည်။
လူတဦးယက်လုပ်လျှင် တစ်ရက်ကို နှီးခမောက်အချောထည် နှစ်လုံးခန့်ပြီးစီးနိုင်ပြီး အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ လက်ရှိပေါက်ဈေး တစ်လုံးလျှင် အနိမ့်ဆုံး ၂၀၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀၀ ကျပ်လောက်အထိရရှိကြောင်း သိရသည်။
ဒုံဝန်းကျေးရွာမှ ယက်လုပ်သည့် နှီးခမောက်များမှာ ဒေသတွင်းလူကြိုက်များသည့်အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီးတို့ကပါ လာရောက်မှာယူမှုများ ရှိကြောင်းသိရသည်။
ကိုကိုဦး(ပြန်/ဆက်)