ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ခြင်းအားဆောင်ရွက်

ပန်ဆိုင်း(ကြူကုတ်)မြို့ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း ကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှု အပြည့်အဝရရှိစေ ရန် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ် အရေအတွက် ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အိဖြူ(ပန်ဆိုင်း)‌