ဟိုပုံး ဇန်နဝါရီ ၂၀
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရန် အသိပေးကြေငြာခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် မြို့နယ် အတွင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာခဲ့သည့် ဟိုပုံးပြည်သူ့ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ စန်းလှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းခဲ့သူ၏ ရင်တွင်းစကားသံများကို ယခုလိုကြားသိခဲ့ရပါတယ်ရှင်။
မေး။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရစဉ်မှာ ကာကွယ်ဆေးထိုးပြီးပြီလားရှင့်။
ဖြေ။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေး ထိုးထားပြီး ရောဂါကူးစက်ခံရမှုနဲ့ ရောဂါခံစားရမှု အခြေအနေလေး ပြောပြ ပေးပါရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးပြီးလည်း ရောဂါကူးစက်ခံရနိုင်ပါတယ်၊ ဒါပေမဲ့ ရောဂါပြင်းပြင်း ထန်ထန်မခံစားရပါဘူး။
မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံထားဘူးဆိုရင် ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရင် ပြင်းပြင်းထန်ထန်မဖြစ်ဘူး၊ ရောဂါ လက္ခဏာ ဆိုးဆိုးဝါးဝါး မခံစားရဘူးပေါ့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံထားရင် တော့၊ ပြင်းပြင်းထန်ထန် ခံစားရတယ်၊ အသက်သေဆုံးနိုင်သည်အထိဖြစ်နိုင်ပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။
ဖြေ။ ကိုဗစ်-၁၉ ကိုယ်ခံအားလျော့နည်းလာမယ်၊ နှာစေး၊ ချောင်းဆိုးတာ၊ ဖျားတာတွေ၊ သွေးထဲမှာ အောက်ဆီဂျင်ကျတာတို့ ဖြစ်တတ်ပါတယ်၊ အဓိကတော့ အောက်ဆီဂျင်ကျတာ ကြောင့် ရောဂါ လက္ခဏာခံစားရပါတယ်၊ အပြင်ထွက်ရင် နှာခေါင်းစည်း သေချာမတပ်ဘူး၊ လက်ကိုဆပ်ပြာဖြင့် သေသေချာချာ မဆေးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
မေး။ Omicron (အိုမီခရွန်) ဗိုင်းရပ်စ်မျိုးကွဲအသစ်က ကိုဗစ်ကနေမျိုးကွဲသစ်ဖြစ်လာတာလား၊ ရောဂါ လက္ခဏာတွေက ဘယ်လိုလဲ။
ဖြေ။ ကိုဗစ်ရောဂါပိုးအသစ် ပေါ်လာတာက မျိုးကွဲတွေကြောင့် ပေါ်လာတာဖြစ်နိုင်ပါတယ်၊ အဲလိုပေါ်လာတဲ့ လက္ခဏာတွေကြောင့် အသက်ရှူလမ်းကြောင်း တိုက်ခိုက်တယ်၊ ချောင်းဆိုး တယ်၊ လည်ချောင်းနာမယ်၊ ခေါင်းကိုက်တာတွေ ခံစားရပါတယ်။
မေး။ ကိုယ့်ကိုကိုယ် Omicron (အိုမီခရွန်) မျိုးကွဲသစ်ရောဂါ ကူးစက်ခံရပြီဟု ယူဆပါက ရှေ့ဆက်ပြီး ဘယ်လိုဆောင်ရွက်သင့်ပါသလဲ။
ဖြေ။ ကိုယ့်ကိုကိုယ် သံသယရှိလျှင် ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ရောဂါပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးကြရပါတယ်၊ သီးသန့်နေထိုင်ပြီး လူအများနှင့် ဆက်သွယ်သွားလာခြင်းကို ရှောင်ကြဉ်ရပါမယ်။
မေး။ အသက်(၆၀)နှစ်နှင့် အထက် ရောဂါအခံတွေရှိမယ်ဆိုရင် ဘယ်လိုခံစားရသလဲ။
ဖြေ။ ဆီးချိုရောဂါ၊ နာတာရှည်ရောဂါ၊ သွေးတိုးရောဂါလဲရှိတယ်၊ တကယ်ဆိုရင် အသက်သေ ဆုံးနိုင်တဲ့အထိဖြစ်နိုင်တယ်၊ ကာကွယ်ဆေး ထိုးနှံထားတဲ့ အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာ ပြင်းပြင်းထန်ထန်မခံစားရဘဲ ပျောက်ကင်းသွားပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မလဲ။
ဖြေ။ ဒီကိုဗစ်-၁၉ ရောဂါ လက္ခဏာဟာ နိုင်ငံတစ်ဝမ်းဖြစ်ပွားနေတဲ့အတွက်ကြောင့် လေထု ထဲမှ တစ်ဆင့် ကူးစက်နိုင်တဲ့အတွက်ကြောင့် ကာကွယ်ရေးနည်းလမ်းများကို အသုံးပြုပြီးတော့ နှာခေါင်းစည်းကို သေသေချာချာတပ်ထားမယ်၊ လက်ကိုသေချာဆေးမယ်၊ နှာခေါင်းစည်းကို အသုံးပြုပြီးတော့ စနစ်တကျ စွန့်ပစ်ရမယ်၊ အပြင်သို့သွားလာရာတွင် နှာခေါင်းစည်းကို သေသေ ချာချာတပ်ထားမယ်၊ တစ်ယောက်နှင့် တစ်ယောက် နီးနီးကပ်ကပ်မနေဘဲနဲ့ အနည်းဆုံး (၆)ပေ အကွာနေပြီး စကားပြော ဆိုကြရမယ်။
မေး။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်၊ ကျန်းမာပါစေ။
ဖြေ။ ကျေးဇူးတင်ပါတယ်ရှင့်။ ကမ္ဘာသူကမ္ဘာသားအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးကြပါစေရှင့်။
တွေ့ဆုံမေးမြန်းသူ....နန်းခမ်းခြူး
ဟိုပုံးဒေသ ပြန်/ဆက်