မိုင်းယု ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်/ရပ်ကွက်သို့ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
လက်တလော အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများ လည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထု အနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် ၊နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့မှ နံနက်ပိုင်းတွင် (Mask) တပ်ဆင်ရေး ဆော်ဩပညာပေး စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့၊ နေ့လယ်ပိုင်းတွင် ဈေးဆိုင်များစစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့နှင့် ညပိုင်းတွင် စားသောက်ဆိုင်များ စစ်ဆေးမှုကြီကြပ်ရေးအဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲကာ တစ်ပတ်လျင် နှစ်ကြိမ်ရှောင်တခင် စစ်ဆေး နေလျက်ရှိကြောင်းနှင့် အလားတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း အသိပညာပေး နှိုးဆော်ခြင်းကိုလည်း တစ်ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းနှိုးဆော်ပေးနေလျက်ရှိ ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)