မလှိုင်မြို့နယ်တွင် ဆဋ္ဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

မလှိုင်   ဇန်နဝါရီ   ၂ဝ

 မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့ပေါ် ရပ်ကွက်ကြီး(၄)ခုတွင် ဆဋ္ဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covid Sheild) ဆက်လက် ထိုးနှံခြင်းကို  အ.ထ.က(မလှိုင်)၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှသိရသည်။  

အဆိုပါနေ့က မြို့ပေါ်ရပ်ကွက်ကြီး (၄)ခုအတွက် ကာကွယ်ဆေးထိုး စုရပ်ဖြစ်သည့် အ.ထ.က (မလှိုင်) ကျောင်းတွင် ဆဋ္ဌမအသုတ် ပထမအကြိမ် Covid Sheild အမျိုးအစား ကိုဗစ် ကာကွယ်ဆေးများကို ထိုးနှံပေးခဲရာ အမှတ်(၁)ရပ်ကွက်တွင်(၄၆)ဦး၊ အမှတ်(၂)ရပ်ကွက်တွင် (၁၈ဝ)ဦး၊ အမှတ်(၃)ရပ်ကွက်တွင်(၂၆၈)ဦး၊ အမှတ်(၄) ရပ်ကွက်တွင်(၅၆)ဦး၊ စုစုပေါင်း (၅၅ဝ) ဦးကို ထိုးနှံနိုင် ခဲ့သည်။ အလားတူ ဝါးခွ ၊ ရေနီ၊ ထန်းတော၊ ကမ္ဘားဖြူ၊ ရုံးတော၊ သဲကန်၊  မြင်းတွင်း၊ အုပ္ဖိုကန် စသည့်ကျေးရွာအုပ်စုများအတွက် ဆေးထိုးစုရပ်ဖြစ်သည့် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနနှင့်တိုက်နယ်ဆေးရုံများတွင် ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်၍ ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံ ပေးခဲ့ရာ(၉၉ဝ) ဦးထိုးနှံနိုင်ခဲ့သည်။ ဆဋ္ဌမအသုတ် ပထမအကြိမ်ကို ဇန်နဝါရီ(၁၉)ရက်နေ့ထိ (၁၅၄၀)ဦး ထိုးနှံနိုင်ခဲ့ကြောင်းသိရသည်။

မလှိုင်မြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးရန်  အကြုံးဝင်သည့်လျာထား လူဦးရေမှာ (၁၃၄ဝ၇၆)  ဦးဖြစ်ပြီး ဇန်နဝါရီ (၁၉) ရက်နေ့ထိ စုစုပေါင်း (၆၉၅၁၃) ဦး ထိုးနှံနိုင်ခဲ့ပြီး ဆေးထိုးနှံပြီး စီးမှုရာခိုင်နှုန်းမှာ (၅၁ ဒဿမ  ၈၅) ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)